Home
မြန်မာသတင်း
သထုံတိုက်ပွဲ၌ စစ်ကောင်စီ ဒုတပ်ရင်းမှူး ၁ ဦး သေ၊ ဗိုလ်ကြီး ၁ ဦးနှင့် တပ်ကြပ်ကြီး ၁ ဦး ဖမ်းမိ
DVB
·
June 3, 2022
282559386_1893827767614816_4868599173204638434_n

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ သထုံမြို့နယ် ဝီယော်နဲ့ ထုံးဘိုလေးကျေးရွာအနီး ဇွန် ၂ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးတယောက်  သေဆုံးပြီး ဗိုလ်ကြီး တယောက်နဲ့ တပ်ကြပ်ကြီး တယောက်  အရှင်ဖမ်းမိထားတယ်လို့ KNLA ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မနေ့က  ထုံးဘိုလေးကျေးရွာထဲကို စစ်ကောင်စီတပ်က အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့နဲ့  တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးတယောက်  စနိုက်ပါထိမှန် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ KNLA ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ထုံးဘိုလေးကျေးရွာထဲကို လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံအရပ်သားတယောက်  လက်ထိမှန် ဒဏ်ရာရခဲ့သလို လူနေအိမ်တွေနဲ့ မွေးမြူထားတဲ့ ဝက်၊ နွားတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၉ က ဗိုလ်ကြီး ကျော်ဇင်လတ်နဲ့ ဆေးတပ်ကြပ်ကြီး နိုင်ဦးတို့ကို အရှင်ဖမ်းမိထားတယ်လို့ KUN တပ်မဟာ ၁ ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

အရှင်ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကိုတော့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ သထုံခရိုင်မှာ ပြီးခဲ့တဲ့ မေ တလအတွင်း စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲ ၄၁ ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၇၁ ဦး သေဆုံးကာ ၅၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024