
ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်မှာ ပြီးခဲ့တဲ့ မေလ တလအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇၁ ဦး သေဆုံးခဲ့တယ်လို့ ကေအန်ယူ က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်ဖွဲ့နဲ့ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA/KNDO) ပူပေါင်းတပ်ဖွဲ့တို့အကြား မေလအတွင်း ထိတွေ့တိုက်ပွဲ ၄၁ ကြိမ် ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇၁ ဦး သေဆုံးပြီး ၅၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်က စစ်ကား ၅ စီး ထိခိုက်ပျက်စီးခဲ့ပါတယ်။
KNLA/KNDO ပူးပေါင်းတပ်ဖွဲ့ဘက်က ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ ပြည်သူ့အတွက် အသက်ပေးသွားခဲ့ရတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
လတ်တလောကာလမှာ နှစ်ဖက် ထိတွေ့ တိုက်ပွဲတွေ ပြန်လည် ငြိမ်သက်နေပေမယ့် အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာဖို့ ရှိတယ်လို့ ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် တစ်ဦးကယောက်က ပြောပါတယ်။
မေလအတွင်းမှာ စစ်ကောင်စီဘက်က တပ်မဟာ(၁) နယ်မြေထဲကို လေယာဉ်နဲ့ ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့လို့ အရပ်သားနေအိမ် ၁၁ လုံး မီးလောင်ပျက်စီးခဲ့သလို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၃ ဦိး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေဆီကနေ ငွေကျပ် သိန်း ၂၀၀ ကျော် အတင်းအဓမ္မ ယူဆောင်သွားခဲ့တဲ့အပြင် အရပ်သား ၂၄ ဦးကို ပေါ်တာအဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ ရော်ဘာခြံ ၁၃ ဧကကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာပါ။
စစ်ကောင်စီနဲ့BGF ပူးပေါင်းတပ်ဖွဲ့တွေဟာ မေလအတွင်း အရပ်သားပြည်သူတွေရဲ့ ကျွဲနဲ့နွား ၈ ကောင်ကို ပစ်သတ်ခဲ့ပြီး စားသောက်ကုန်နဲ့ တခြားတန်ဖိုးရှိ ပစ္စည်း အများအပြားကိုလည်း ယူဆောင်ဖျက်ဆီးတာတွေ ကျူးလွန်ခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။