
အာဏာသိမ်းစစ်ကောင်စီဟာ ရဲချုပ်နဲ့ ပြည်ထဲရေးဒုဝန်ကြီးနေရာမှာ အစားထိုးခန့်အပ်လိုက်ပြီး ဝန်ကြီးဌာနတချို့ကိုပြောင်းလဲဖွဲ့စည်းတာ ပြည်ထောင်စုဝန်ကြီးတချို့ကိုအနားပေးတာ အသစ်ခန့်အပ်တာတွေ ပြုလုပ်လိုက်ပါတယ်။
စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက မေ ၂ ရက်စွဲနဲ့ အမိန့်တွေ ထုတ်ပြန်ပြီး ပြည်ထောင်စုဝန်ကြီး ရာထူးနေရာတွေ အပြောင်းအလဲပြုလုပ်လိုက်တာဖြစ်ပါတယ်။
ပြည်ထဲရေး ဒုဝန်ကြီးနဲ့ ရဲချုပ်အဖြစ် ပူးတွဲ တာဝန်ပေးထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို စစ်ဘက်မူလတာဝန်တွေ ပြန်ထမ်းဆောင်စေပြီး ဗိုလ်ချုပ် ဇင်မင်းထက်ကို ပြည်ထဲရေး ဒုဝန်ကြီးနဲ့ ရဲချုပ်တာဝန်ကို ပူးတွဲတာဝန် ထမ်းဆောင်စေဖို့ တာဝန်ပေးလိုက်ပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ပူးပေါင်းထားတဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကို လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနဲ့ စွမ်းအင်ဝန်ကြီးဌာနအဖြစ် ပြန်ခွဲထုတ်လိုက်ပြီး ဦးသောင်းဟန်ကို ဌာန နှစ်ခုလုံးရဲ့ ဝန်ကြီးအဖြစ် ပူးတွဲထမ်းဆောင်စေဖို့ စစ်ကောင်စီက တာဝန်ပေးလိုက်ပါတယ်။
ဒါ့အပြင် ဒေါက်တာ မိုးဇော်ထွန်းကို သာသနာရေးနဲ့ ယဉ်ကျေးမှု ဒုဝန်ကြီး၊ ဦးမင်းသူကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဒုဝန်ကြီး၊ ဒေါက်တာအောင်ဇေယျကို လျှပ်စစ်စွမ်းအား ဒုဝန်ကြီး၊ ဦးသန့်စင်ကို စွမ်းအင်ဒုဝန်ကြီးအဖြစ် တာဝန်ပေးပါတယ်။
သာသနာရေးနဲ့ ယဉ်ကျေးမှု ဒုဝန်ကြီး ဦးထွန်းအုံကို သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးပြီး သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုဝန်ကြီး ဦးမင်းမင်းဦးကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့လိုက်တာကိုလည်း တွေ့ရပါတယ်။