
မြန်မာနိုင်ငံအရပ်ရပ်က အဖိနှိပ်ခံပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ဖက်ဆစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားတဲ့အထိ ဆက်လက်တော်လှန်သွားမယ်လို့ ပြည်တွင်း ပြည်ပ ကချင်အဖွဲ့အစည်းတွေ ပူးပေါင်းထားတဲ့ Kachin Political Interim Coordination Team (KPICT) က ကြေညာပါတယ်။
ချင်းပြည်နယ် ထန်တလန်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်လို့ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ အရပ်သားတွေရဲ့ နေအိမ်အဆောက်အအုံ အများအပြား မီးလောင် ပျက်စီးခဲ့ပြီး စစ်ကောင်စီရဲ့ စစ်စည်းကမ်း၊ စစ်ကျင့်ဝတ်တွေနဲ့ နိုင်ငံတကာလူ့အခွင့်အရေး သဘောတူညီချက်တွေကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေတဲ့ ဖြစ်ရပ်တွေဟာ ဘယ်လိုမှ ငြင်းဆန်မရတဲ့ သက်သေတွေအဖြစ် သမိုင်းမှတ်တမ်းဝင်နေပြီလို့လည်း သူတို့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို ထိန်းနိုင်ကြောင်းပြသဖို့အတွက် အတင်းအဓမ္မ ကြိုးပမ်းနေပြီး တနိုင်ငံလုံးအနှံ့ စစ်ရေးအရ ထိုးစစ်ဆင်တာတွေသာမက အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်၊ နိုင်ငံတကာလူ့အခွင့်အရေး သဘောတူညီချက်တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ရာဇဝတ်မှုတွေကို အချိန်မီ အနီးကပ်စောင့်ကြည့်ပြီး အစွမ်းကုန်ဖိအားပေးတာ အပါအဝင် အဖိနှိပ်ခံ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးကြဖို့ သူတို့က တောင်းဆိုထားပါတယ်။
KPICT ကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း ပြည်ပ ကချင်အဖွဲ့အစည်း ၅ ခု ပူးပေါင်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(ကေအိုင်အို)ကလည်း နိုင်ငံအနှံ့ ထိုးစစ်ဆင်အကြမ်းဖက် တိုက်ခိုက်တာကို စစ်ကောင်စီက စစ်ရေးရည်မှန်းချက်တွေချပြီး ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လာနေတာ တွေ့ရပြီး မြန်မာ့သမိုင်းမှာ မကြုံဖူးတဲ့ အပြင်းထန်ဆုံး ပြည်တွင်းစစ်ကို အရပ်သားပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရပြီလို့ ထုတ်ပြန်ထားပါတယ်။