
မွန်ပြည်နယ် ရေးမြို့နယ်က အစ္စလာမ်ဘာသာ၀င်တွေရဲ့ ဘာသာရေးဝတ်ပြုနေတဲ့ မြို့ပေါ် ဗလီကျောင်း ၂ ကျောင်းကို အောက်တိုဘာ ၁၄ ရက် နေ့ မွန်းလွဲ ၂ နာရီလောက် စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
အဆိုပါ ဗလီကျောင်းတွေထဲ လက်နက် သိုဝှက်ထားခြင်း ရှိမရှိ ရှာဖွေစစ်ဆေးခဲ့ပေမဲ့ စစ်ကောင်စီတပ်က ဘာမှမတွေ့ဘူးလို့ မြို့ခံတဦးက ပြောပါတယ်။
ဗလီကျောင်းက ဘာသာရေးခေါင်းဆောင်တာဝန်ရှိသူတွေကို နိုင်ငံရေးသမားတွေနဲ့ ပါဝင်ပတ်သက်ခြင်း မရှိဘဲ ကင်းကင်းရှင်းရှင်းနေဖို့နဲ့ အကြမ်းဖက်လုပ်ရပ် လုပ်သူတွေကိုလည်း တဖက်တလမ်းကနေ ကူညီထောက်ပံ့ပေးတာတွေ မပြုလုပ်ကြဖို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။
ရေးမြို့နယ် အစင်စံပြကျေးရွာနဲ့ ဇီးဖြူသောင်ကျေးရွာမှာရှိတဲ့ ဗလီကျောင်းတွေမှာ စစ်ကောင်စီတပ်က ထပ်မံဝင်ရောက်ရှာဖွေစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေးမြို့နယ်မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီကျောင်းကို စစ်ကောင်စီတပ်ဘက်က အခုလို ၀င်ရောက်ရှာဖွေစစ်ဆေးခဲ့တာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က အခုလို ဗလီကျောင်းတွေ ဝင်ရောက်စစ်ဆေးနေတဲ့အပေါ် ဒေသခံ အစ္စလာမ်ဘာသာဝင်အများစု စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။