
ကရင်အမျိုးသားအစည်းရုံးလက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်နယ်ဒါးမြနဲ့ ဗိုလ်ကြီးစောဘာဝါး တို့ကို ကေအန်ယူက တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ဇူလိုင် ၈ ရက်နေ့က ထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ်၊ ဝေါလေမြို့ ကနဲလေးကျေးရွာအနီးမှာ လူ ၂၅ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကေအန်ယူက စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အဓိကတာဝန်ရှိတဲ့ KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနဲ့ ဗိုလ်ကြီးစောဘာဝါး တို့ကို တာဝန်က ယာယီရပ်ဆိုင်းလိုက်တာဖြစ်ကြောင်း ထုတ်ပယ်ခံရသူ နှစ်ထံ ပေးပို့ထားတဲ့ စာအရ သိရပါတယ်။
အခုလိုဆုံးဖြတ်ချက်ဟာ ဇူလိုင် ၅ ရက်နေ့က အရေးပေါ်ဗဟိုကော်မီတီအစည်းအဝေးခေါ်ယူပြီး အခုလို ဆုံးဖြတ်လိုက်တာဖြစ်ကြောင်းလည်း ကေအန်ယူ ကာကွယ်ရေးဌာနကြီးမှူး ပဒိုစောရောဂျာခင် လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ စာမှာပါရှိပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင် ကနဲလေး- မောခီးသွားကားလမ်း၊ အူးဟူချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းက အလုပ်သမား ၄၇ ဦးကို မေလ ၃၁ ရက်နေ့မှာ KNDO စစ်ဦးစီးချုပ် ဗိုလ်ကြီး စောဘာဝါး ဦးဆောင်တဲ့အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မြန်မာစစ်တပ်က ဇွန်လ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။
ဒီဖြစ်စဉ်ကို အရေးယူနိုင်ဖို့ မြန်မာစစ်တပ်ဘက်က ကေအန်ယူဌာနချုပ်ကို အကြောင်းကြားစာ ပေးပို့ပြီးနောက် ဇွန်လ ၁၆ ရက်နေ့မှာ ကေအန်ယူက ဒီဖြစ်စဉ်နဲ့ပတ်သက်ပြိး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပြီးအနောက် အဓိက တာဝန်ရှိတဲ့ ဗိုလ်မှူးချုပ်နယ်ဒါးမြနဲ့ ဗိုလ်ကြီးစောဘာဝါးကို အခုလို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။
အသတ်ခံရတဲ့သူတွေဟာ လမ်းဖောက်တဲ့အရပ်သားတွေဖြစ်တယ်လို့ တပ်မတော်က ထုတ်ပြန်ပြောဆိုထားပေမယ့် (KNDO) ကတော့ အသတ်ခံရသူတွေဟာ အရပ်သားမဟုတ်ကြောင်း ကေအန်ယူတပ်စခန်းတွေကို စုံစမ်းထောက်လှမ်းနေတဲ့ စစ်ထောက်လှမ်းရေးတွေ ဖြစ်ပြီး လမ်းလုပ်သားတွေ မဟုတ်ဘူးလို့ ဇွန် ၂၀ ရက်နေ့မှာ ရှင်းလင်းထားပါတယ်။
ဒါ့အပြင် စစ်တပ် ယူနီဖောင်း၊ စစ်တပ်အဆင့်၊ တံဆိပ်၊ တယ်လီဖုန်း စတဲ့ သက်သေအထောက်အထားတွေ ကိုလည်း ထုတ်ပြန်ထားခဲ့ပါတယ်။
လူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ တာဝန်မှ ယာယီရပ်ဆိုင်းခံထားရတဲ့ ဗိုလ်မျူးချုပ် နယ်ဒါးမြနေရာအတွက် ဒုဗိုလ်မှူးက ဆက်လက်တာဝန်ယူမှာဖြစ်ကြောင်း ကေအန်ယူရဲ့ထုတ်ပြန်ချက်အရ သိပါတယ်။
တာဝန်မှ ယာယီရပ်ဆိုင်းခံထားရတဲ့ ဗိုလ်မှူးချုပ်နယ်ဒါးမြဟာ ကွန်လွန်ခဲ့သူ ကေအန်ယူ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောဗိုလ်မြရဲ့သားဖြစ်ပါတယ်။
Photo Credit- Nerdah Bomya