
ထိုင်းနိုင်ငံ အနောက်ခြမ်းကို ဖြတ်ကူးလာအပြီး တရားမဝင် နယ်စပ်ဝင်ရောက်မှုနဲ့ မြန်မာနိုင်ငံသား ၂၄ယောက် မနေ့က အဖမ်းခံရတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက မတ်လ ၂ရက်မှာ ဖော်ပြပါတယ်။
အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ပါတဲ့ ပထမအုပ်စုကို စံခလဘူရီခရိုင်က မူအိတ်ထ် ရွာနား သစ်ပင်တွေ အောက်မှာ ပုန်းအောင်းနေတုန်း ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
သူတို့ဟာ မြန်မာနိုင်ငံကနေ နယ်စပ်ကို တောလမ်းက ဖြတ်ကူးလာပြီး စံခလာဘူရီမြို့မှာ အလုပ်လုပ်ဖို့ထွက်လာ တာလို့ လူ ၇ ယောက်ပါတဲ့ အုပ်စုက ပြောတယ်။ သူတို့ကို တရားစီရင်ဖို့ စံခလဘူရီ ရဲတပ်ဖွဲ့ဆီ လွှဲပေးထားတယ်လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။
ဒုတိယ အုပ်စုကတော့ ထားဝယ်ကနေ နယ်စပ်ကို တောလမ်းက ဖြတ်ကူးလာတဲ့ အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၁၁ ယောက်ပါတဲ့ အုပ်စုဖြစ်တယ် သူတို့ကို ဘန်းခေါင်မြို့နယ်ထဲက ရွာတရွာနားမှာ ဖမ်းမိတာလို့ ဆိုပါတယ်။
သူတို့ဟာ နခွန်ပထုံ၊ စမွတ်စာခွန်နဲ့ စမွတ်ပရာကန် ခရိုင်တွေမှာ အလုပ်အမျိုးမျိုးလုပ်ဖို့ စောင့်နေတာဖြစ်ပြီး အလုပ်ပွဲစား မင်းမင်းကို လူတယောက်ကို ဘတ်ငွေ ၁၁၀၀၀ လောက် ပေးခဲ့ရတယ်လို့ ပြောပါတယ်။