လှိုင်သာယာ၊ ဟန်းမိန်အထည်ချုပ်စက်ရုံက အလုပ်သမားရာချီဆန္ဒပြ
DVB
·
January 21, 2021

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်က ဟန်းမိန်အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၉ ယောက် ဥပဒေမဲ့ အလုပ်ထုတ်ခံရတဲ့အတွက် ပြန်ခန့်ပေးဖို့ အလုပ်သမား ၁၃၀ ကျော်က စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
အလုပ်ပြန်ခန့်ပေးရေး ညှိနှိုင်းဖြေရှင်းဖို့ အလုပ်ရှင်ဘက်က ပေးမဝင်တဲ့အတွက်ကြောင့် အခုလို စက်ရုံအပြင်မှာ ဇန်နဝါရီ ၂၀ ရက်ကနေ ၂၁ ရက်အထိ ဆန္ဒပြနေကြရတာလို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က ပြောပါတယ်။
ကျွမ်းကျင်ကြေးကို လစာစလစ်ထဲမှာ ဥပဒေအတိုင်းထည့်သွင်းဖော်ပြပြီး ပေးတာမဟုတ်လို့ အကျုံးမဝင်ဘဲ ဥပဒေပါအခွင့်အရေးတွေမရရှိတဲ့အတွက်ကြောင့် အလုပ်သမား ၉ ယောက်က မြို့နယ်အလုပ်သမားဦးစီးဌာနမှာ တိုင်ကြားခဲ့တဲ့အတွက် အလုပ်ထုတ်ခံလိုက်ရတာဖြစ်ပါတယ်။
မနေ့ကတော့ ဆန္ဒပြပွဲကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးမှူးတို့က လာရောက်တားဆီးကြပေမဲ့ အလုပ်ရှင်ဘက်က ညှိုနှိုင်းခွင့်မပေးဘဲ ပြေလည်မှုမရရှိသေးပါဘူး။ ဒါကြောင့် အလုပ်သမားတွေက ဒီကနေ့ စက်ရုံရှေ့မှာ ဆက်လက် ဆန္ဒပြနေကြတာပါ။
အလုပ်ဖြုတ်ခံရသူတွေကို အလုပ်ပြန်ခန့်ပေးဖို့ အပါအဝင်တောင်းဆိုချက် ၁၉ ချက်နဲ့အတူ အလုပ်သမားတွေက ထုတ်ဖော်ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ဟန်းမိန်အထည်ချုပ်စက်ရုံဟာ အလုပ်သမား ၈၀၀ လောက်နဲ့ လည်ပတ်နေတဲ့ စက်ရုံဖြစ်ပါတယ်။
Ei Thazin Khine