ထိုင်းအလုပ်ရှင်ကဝှက်ထားသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၂ ဦး ဖမ်းဆီးခံရ
နန်းမြနဒီ
·
January 20, 2021

ထိုင်းနိုင်ငံအလယ်ပိုင်း၊ နွန်ထပူရီခရိုင်၊ ဘန်ယိုင်မြို့နယ်ထဲမှာ အလုပ်ရှင်က နေအိမ်ဝင်းတစ်ခုထဲ ဝှက်ထားတဲ့ မြန်မာအလုပ်သမား ၂၂ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
ဘန်ယိုင်မြို့နယ်၊ ဘန့်ဘန်မုံ့ရပ်ကွက်က တာဝန်ရှိသူတွေဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် နယ်မြေထဲကွင်းဆင်းစစ်ဆေးစဉ် အိမ်ဝင်းတစ်ခုထဲမှာ မသင်္ကာဖွယ် လူတစ်စု ရောက်ရှိနေတာတွေ့လို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့အတူ ဇန်နဝါရီ ၁၉ ရက်က သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တာပါ။
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးနေတဲ့ကာလအတွင်း သူတို့နယ်မြေထဲမှာ လူဝင်လူထွက် ရွေ့လျားသွားလာမှုကို ကန့်သတ်ထားကြောင်း၊ ဒါပေမဲ့ ဘန့်ဘန်မုံ့ရပ်ကွက်က အိမ်ဝင်းတစ်ခုထဲမှာ အရင်ကမတွေ့ဘူးတဲ့ မျက်နှာစိမ်းတွေကို တွေ့ရသလို ခြံဝင်းဝမှာလည်း ကုမ္ပဏီဝန်ထမ်းမှအပ အပြင်လူမဝင်ရလို့ စာကပ်ထားတဲ့အတွက် အနီးအနားနေ ပြည်သူတွေကို အရင်မေးကြည့်ခဲ့တယ် လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောပါတယ်။
ရပ်ကွက်ထဲကလူတွေကလည်း အဲဒီအိမ်မှာ အရင်ကတည်းက နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမားတွေလာနေလေ့ရှိကြောင်း၊ ကိုဗစ်-၁၉ ကာလ လူအဝင်အထွက် နည်းသွားပေမယ့် ဒီလ ၁၆ ရက်နေ့မှာ လူတစ်စုထပ်ရောက်လာလို့ သူတို့အနေနဲ့လည်း ကူးစက်ရောဂါအတွက် စိတ်ပူ မိတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂၂ ယောက်ကို တွေ့ရကြောင်း၊ သူတို့ထဲမှာ နိုင်ငံကူးလက်မှတ်ရှိသူက ၁၁ ယောက်နဲ့ သက်သေအထောက်အထား မရှိသူက ၁၁ ယောက် ရှိတယ်လို့ ဆိုပါတယ်။
သူတို့ထဲမှာ ချွန်းပူးရီးခရိုင်ကလာတဲ့ ဆောက်လုပ်ရေးလုပ်သား၊ ပထုန်ဌာနီခရိုင်ကလာတဲ့ သစ်သီးပွဲရုံအလုပ်သမား၊ ဘန်ကောက်နဲ့ ဘန်ကပိနယ်မြေက စက်ရုံလုပ်သားတွေ ပါဝင်ပြီး အလုပ်ဟောင်းမှာ လုပ်ငန်းပိတ်သိမ်းလို့ အလုပ်ပြုတ်လာသူတွေ၊ အလုပ်ဟောင်းမှ အဆင်မပြေလို့ ရောက်လာသူတွေဖြစ်ကာ အလုပ်ရှင်အသစ်က အဲဒီနေရာမှာ ခဏလာထားတာလို့ ဆိုပါတယ်။
သူတို့ကို ကုမ္ပဏီဝန်ထမ်းထိုင်းအမျိုးသမီးတစ်ဦးက ကြည့်ရှုနေတာဖြစ်ပြီး သူတို့ဆီမ ရောက်ခင် ကိုဗစ်-၁၉ စစ်ဆေးပြီးသားလို့ အဆိုပါဝန်ထမ်းကပြောပါတယ်။
ဒါပေမဲ့ သူတို့ဟာ ကိုဗစ်-၁၉ ကာလ ရွှေ့ပြောင်းလုပ်သားများ ရွှေ့လျားသွားလာခွင့် တားမြစ်ချက်ကို ဖီဆန်တဲ့အနေနဲ့ အရေးယူခံရမှာဖြစ်ပြီး ကိုဗစ်-၁၉ စစ်ဆေးမှုကို နောက်ထပ်ခံရမှာ ဖြစ်သလို အဲဒီဝင်းထဲက သူတို့နေထိုင်ခဲ့တဲ့ အိမ် နှစ်လုံးကိုလည်း တာဝန်ရှိသူတွေက ပိုးသတ်ဆေးရည်တွေနဲ့ ပက်ဖျန်းခဲ့ပါတယ်။
ကိုးကား-Amarintv