စိုးသူရဲ့ အသစ်တဖန်ပြန်လည်သီဆိုမှုနဲ့ “မိုးဒေဝါ ” သီချင်း(ရုပ်သံ)
DVB
·
June 1, 2020

ဆယ်စုနှစ်ပေါင်းများစွာ သရုပ်ဆောင်အဆိုတော် တယောက်အနေနဲ့ ဖြတ်သန်း လာခဲ့တဲ့ စိုးသူရဲ့ တချိန်က သီချင်းတပုဒ်ကို အသစ်တဖန်ပြန်လည်သီဆိုမှုနဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားပါတယ်။
“ဟိုတောင်ဆီမှာကွယ်… မှောင်ရီမှိုင်းညို့… မိုးသားတို့ သည်းဖို့ မည်းနေသလို… ကိုယ်လှမ်းလို့ ငေးနေဆဲ… ဒီလူကို ဘယ်လိုနာအောင် အငြိုးနဲ့… သည်းသည်းမည်းမည်း ဇွဲများနဲ့ ရွာတယ်”
“မိုးဒေဝါ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ နာမည်ကြီး တေးရေးဆရာ သုခမိန်လှိုင်က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး စိုးသူရဲ့ ထင်ရှားတဲ့ တေးအယ်လ်ဘမ် တ ချပ်ဖြစ်တဲ့ “ကြိုပါကွယ်”ထဲမှာ ပါဝင်ခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။
“သည်းလိုက် မည်းလိုက်ပါ… မိုးဒေဝါ… ရင်မှာခံစားတာတွေ တကယ်ကို ဆွေးလို့ သွားတယ်… သဲလိုက် မည်းလိုက်ပါ… မိုးဒေဝါ… ရင်မှာခံစားတာတွေ တကယ်ကို ဆွေး လို့သွားတယ်”
အသက် ၅၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ စိုးသူဟာ ဆရာဝန်တယောက်လည်းဖြစ်ပြီး သရုပ်ဆောင်မင်းသားတယောက်အနေနဲ့ရော၊ အဆိုတော်တယောက်အနေနဲ့ပါ အောင် မြင်ခဲ့သူပါ။
စိုးသူဟာ ၁၉၈၃ ခုနှစ်မှာ ဒါရိုက်တာ နီဝင်းထွန်းရိုက်ကူးပြီး သရုပ်ဆောင်မင်းသမီး ခိုင်ခင်ဦးနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ “မိုက်ကြွေးမိုက်ပြစ်”ရုပ်ရှင်ကားနဲ့ ပရိသတ်လက်ခံ အားပေးမှု ရရှိခဲ့ပြီး သရုပ်ဆောင်အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်း လာခဲ့တာ ဖြစ်ပါတယ်။
ဆယ်စုနှစ်နဲ့ချီ ရာနဲ့ချီတဲ့ ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ စိုးသူဟာ အကောင်းဆုံး အမျိုးသားသရုပ်ဆောင် အကယ်ဒမီထူးချွန်ဆုကို ၁၉၉၅ ခုနှစ်အတွက် “အောင်မြင်သောနေ့” ရုပ်ရှင်ကားနဲ့ ဆွတ်ခူး ရရှိခဲ့ပါတယ်။
တေးဂီတဘက်မှာတော့ သူ့ရဲ့ ပထမဆုံး တေးအယ်လ်ဘမ် “ရည်းစားလေးနဲ့ အ ချစ်ရဲ့ မှတ်တမ်း”ကို ၁၉၈၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး “မျက်နှာဖုံး”၊ “ရာသက်ပန်”၊ “အရိုင်း လေး”၊ “ဆယ်ကျော်သက်”၊ “ကြိုပါကွယ်”၊ “သက်ဆုံးတိုင်”၊ “ကိုယ့်နေ့သစ်များ”၊ “ကြည် ဖြူပါတော့ရာသက်ပန်”၊ “အမြတ်နိုးဆုံးမင်းအကြောင်းလေး”စတဲ့ တေးအယ်လ်ဘမ်တွေ အပါအဝင် စုစုပေါင်း ၁၁ ချပ် ထွက်ရှိခဲ့တာပါ။
“မဆုံတဲ့ ချစ်သူရယ်… မရခဲ့တဲ့ အိပ်မက်များ… ရင်မှာ မျှော်လင့်ခြင်းတွေဝေး… တကယ်မလွယ်တဲ့ လမ်းများရယ်… ကိုယ်ဘာမှ မတားတော့ဘူး… သည်းပါကွယ်… ရွှေ မိုးတွေ ရွာပါကွယ်”
စိုးသူဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ကောင်းနိုးရာရာ သူ့ရဲ့ သီချင်းတွေကို အခါအားလျော်စွာ ပြန်လည်သီဆို မျှဝေနေခဲ့တာ ဖြစ်ပါတယ်။
ခုတခါ မျှဝေထားခဲ့တဲ့ “မိုးဒေဝါ”သီချင်းမှာတော့ ပရိသတ်တွေက လွန်ခဲ့တဲ့ နှစ် ပေါင်း ၃၀ အလွန် ရွှေခေတ်ဆီ တကျော့ပြန် ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။