ဖာပွန်ခရိုင်တွင် တပ်မတော်နှင့် ကေအန်ယူတို့ တိုက်ပွဲဖြစ် အရပ်ဝတ် ၁ ဦးသေဆုံး
DVB
·
April 3, 2020

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှာ တပ်မတော်စစ်ကြောင်းနဲ့ အန်စီအေ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်ဖွဲ့တချို့ ပစ်ခတ်မှုဖြစ်ပြီး အရပ်ဝတ် တဦးသေဆုံးသွားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၁ ရက် မနက်က ဘော်စဲခို- လွယ်မူပလောလမ်း လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းတစ်ခုကို ဘော်စဲခိုရဲ့ အနောက်မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာကနေ ကေအန်ယူ အင်အား ခုနစ်ဦးလောက်က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့လို့ တပ်မတော် စစ်ကြောင်းက ပြန်လည် ပစ်ခတ်ခဲ့ရတယ်လို့ဆိုပါတယ်။
ပစ်ခတ်ခဲ့တဲ့ နေရာကို အသေးစိတ်စစ်ဆေးခဲ့ရာမှာ ကေအန်ယူအဖွဲ့မှ အရပ်ဝတ် ဝတ်ဆင်ထားတဲ့ အလောင်း တစ်လောင်း၊ အေကေ-၄၇ ကျည် ၁၄ တောင့်၊ ဒီတိုနေတာ နှစ်နဲ့ အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်း ရမိခဲ့တယ်လို့ တပ်မတော်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) အဖွဲ့ကတော့ မတ်လ ၃၁ ရက်ည ၇ နာရီလောက်မှာ အိုင်ဒီပီ ဒုက္ခသည်တွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ ဈေးသွားဝယ်ဖို့သွားတဲ့ ရပ်ကျေးခေါင်းဆောင် တဦးနဲ့ရွာသားတွေကို မြန်မာ့တပ်မတော်က ပစ်ခတ်ခဲ့တာကြောင့် အသက် ၄၅ နှစ်အရွယ် စောသက်မီး သေဆုံးသွားတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
အလားတူ သေဆုံးသွားသူ စောသက်မီးဟာ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်အတွင်း ကျေးရွာပိုင်ဘုံ သစ်တော တစ်ခုရဲ့ ကော်မတီဝင်ခေါင်းဆောင်တစ်ဦးဖြစ်သလို ကော်သေးဂူ ခေါ် ဒေသတစ်ခုရဲ့ တရားစီရင်ရေး ကော်မတီ ဒုတိယ တရားသူကြီး တစ်ဦးလည်းဖြစ်ကြောင်း သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် က ထုတ်ပြန်ပါတယ်။ စောသက်မီး အပစ်ခံရတဲ့ နေရာမှာ တပ်မတော်မှ နေရာယူထား သေးသောကြောင့် ဒီကနေ့အချိန်ထိ သူ့ရုပ်အလောင်းကို မိသားစုဝင်များမှ သွားရောက် ကောက်ယူနိုင်ခြင်း မရှိဘူးလို့ဆိုပါတယ်။ စောသက်မီးသေဆုံးချိန်မှာ ဇနီးသည်နှင့် ကလေး (၅)ဦးကျန်ရစ်ကြောင်း သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြပါပါတယ်။
ကေအန်ယူနဲ့ အစိုးရအကြား တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးထားချိန်မှာ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နဲ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အတွင်း စစ်ရေးအရ မဟာဗျူဟာကျ အရေးပါတဲ့ နေရာတွေမှာ တပ်မတော်က ဝင်ရောက် လမ်းဖောက်လုပ်နေတာဖြစ်ပါတယ်။
လမ်းဖောက်တဲ့လုပ်ငန်းတွေဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းတွေနဲ့ ယာဉ်တွေကို ကေအန်ယူအဖွဲ့က ၂၀၁၉ နိုဝင်ဘာ ၁၁ ရက်မှ ဒီကနေ့အထိ တွေ့တိုက်ခိုက်မှု ၄၀ ကြိမ်၊ မိုင်းနင်းမိုင်းကွဲမှု ၂၃ ကြိမ်၊ မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဒေသန္တရမိုင်းများ ဖော်ထုတ်သိမ်းဆည်းနိုင်မှု ၁၈ကြိမ် (မိုင်း ၂၅လုံး)ရှိခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တပ်မတော်က တပ်ရင်းမှူး တစ်ဦး မိုင်းစထိမှန် ဒဏ်ရာနဲ့ ကျဆုံးခဲ့ရပြီး အရာရှိ၊ စစ်သည်တချို့ ကျဆုံး၊ ဒဏ်ရာခဲ့ကာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကေအန်ယူ ဗဟိုနဲ့ သက်ဆိုင်ရာသို့ သတိပေးကန့်ကွက် စာ၊ အကြောင်းကြားစာစုစုပေါင်း ၉၄ ကြိမ် ပေးပို့ ထားတယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ-KNLA