ကမ္ဘောဒီးယားကပြန်လာသူ ၄ ရက်ဆက်တိုက်ဖျားနေသဖြင့် မြောင်းမြဆေးရုံတွင်စောင့်ကြည့်
DVB
·
March 26, 2020

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ ကမ္ဘောဒီးယားနိုင်ငံကပြန်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူလူနာ အမျိုးသားတစ်ဦးက ကိုယ်တိုင်ဆေးရုံကို လာရောက်ပြသတဲ့အတွက် သံသယလူနာအဖြစ် စောင့်ကြည့်နေတယ်လို့ မြောင်းမြခရိုင်ဆေးရုံအုပ်ကြီးက ပြောပါတယ်။
“သူက ၂၃ ရက်နေ့က ပြန်လာတာ။ ဖျားနာတာလို့ ဆေးရုံလာပြတာ။ ခုတော့ စောင့်ကြည့်တာတွေ ပြုလုပ်ထားပြီး ဓာတ်ခွဲအတည်ပြုဖို့ သက်ဆိုင်ရာဌာနတွေကို ပို့ထားပါပြီ” လို့ မြောင်းမြခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ နှစ်ဆန်းဦးက ဒီဗွီဘီကို ပြောပါတယ်။
မြောင်းမြမြို့၊ အမှတ် ၂ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားဟာ ကမ္ဘောဒီးယားနိုင်ငံကနေ ခုလ ၂၃ ရက်နေ့ကပြန်လာပြီး ဖျားနာတာ ၄ ရက် ဆက်တိုက်ဖြစ်လာလို့ ဆေးရုံကိုလာပြတာဖြစ်ပါတယ်။
သံသယလူနာဟာ ဖျားနားပြီး ကိုယ်ပူတာကလွဲလို့ လည်ချောင်းနာတာမျိုးတော့မရှိဘူးလို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
မြောင်းမြခရိုင်ဆေးရုံကြီးကို အဆိုပါသံသယလူနာလာပြချိန်မှာ ဆေးရုံဝန်ထမ်းတွေက အကာအကွယ်အပြည့်အစုံ မဝတ်ထားမိတဲ့အတွက် ဆေးရုံဝန်ထမ်း ၃ ဦးကိုလည်း သီးသန့်ခွဲထားရပါတယ်။
လောလောဆယ် လူနာက ဒီရောဂါဖြစ်တတ်တဲ့နိုင်ငံတွေက ပြန်လာတာဖြစ်တဲ့အတွက် လိုအပ်တဲ့ကုသမှုတွေပေးထားပြီး စောင့်ကြည့်တဲ့အနေအထားဖြစ်တယ်လို့ မြောင်းမြမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ပြောပါတယ်။
ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတွေ့ရှိတာ ပထမဆုံးဖြစ်ပြီး လက်ရှိအချိန်မှာ လူနာကို သီးသန့်အဆောင်မှာထားပြီး စောင့်ကြည့်နေတာဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ဒီကနေ့အထိ COVID-19 ဗိုင်းရပ်စ်ရောဂါ အတည်ပြုလူနာ ၉၆ ဦး ရှိနေပြီး သေဆုံးသူတော့ မရှိသေးပါဘူး။
သတင်း- မင်းထက်မုန်း (ပုသိမ်)