ဧရာဝတီတိုင်းအတွင်း ပြည်ပက ပြန်လာသူများကို ၁၄ ရက်ထား စောင့်ကြည့်ရန် နေရာစီစဉ်
DVB
·
March 25, 2020
ဧရာဝတီတိုင်းအတွင်း ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့သူအားလုံးကို ပုသိမ်မြို့က တက္ကသိုလ်အတွင်းရှိ နန္ဒဆောင်မှာထားရှိကာ ၁၄ ရက် စောင့်ကြည့်သွားမယ်လို့ တိုင်းအစိုးရအဖွဲ့က လှုမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ဒီဗွီဘီ ကို ပြောပါတယ်။
"ခုစီစဉ်ပေးတာက တတိုင်းလုံးအတွက်ပါ၊ ခုလောလောဆယ်တော့ ၁၂၀ ဦး နေထိုင်နိုင်လို့ ရအောင်စီစဉ်ထားပါတယ်။ လိုအပ်လာရင်လည်း တခြားသီးသန့်အဆောက်အဦတွေကို ခုလို စီစဉ်သွားဖို့ရှိတယ်" လို့ ပြောပါတယ်။
သံသယလူနာတွေအတွက် ပုသိမ်ဆေးရုံကြီးနဲ့ အခြားဆက်စပ်လို့ ရတဲ့နေရာတွေမှာ စီစဉ် ထားပြီး သံသယလူနာတွေအပြင် သံသယလူတွေရဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်တွေ မှာရှိတဲ့သူတွေအတွက်ပါ စီစဉ်ပေးသွားမယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်း ၂၆ မြို့နယ် ရှိပြီး လူဦးရေအများစုက ထိုင်း၊ မလေးရှာ၊ ကိုရီယား၊ စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေမှာ အများဆုံးအလုပ်သွားလုပ်ကြပြီး ခုချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အများစုက ပြန်လာနေတဲ့အတွက် စောင့်ကြည့်တာတွေပြုလုပ်ဖို့ စီစဉ်နေရတာပါ။
ပြည်ပနိုင်ငံတွေကပြန်လာမယ့် မြန်မာနိုင်ငံသားတွေအတွက် စောင့်ကြည့်ဖို့ ပြင်ဆင်နေတဲ့ ပုသိမ်တက္ကသိုလ် နန္ဒဆောင်မှာ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ဝင် ၂၀၀ နီးပါ လာရောက်ပြီး သန့်ရှင်ရေးပြုလုပ်တာနဲ့ အခန်းပြင်ဆင်တာတွေမှာ ပါဝင်လုပ်ဆောင်ပေးခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃ ယောက် ရှိပြီဖြစ်ပြီး စောင့်ကြည့်/သံသယလူနာဦးရေ စုစုပေါင်း ၂၃၈ ယောက် ရှိနေပါတယ်။
တကမ္ဘာလုံးမှာတော့ ဒီနေ့မနက် ၈ နာရီခွဲအထိ နိုင်ငံ နေရာဒေသပေါင်း ၁၉၇ ခုမှာ ကူးစက်ခံရသူ ၄၂၂၆၁၃ ယောက်၊ သေဆုံးသူ ၁၈၈၉၁ ယောက်နဲ့ ပြန်လည်သက်သာလာသူ ၁၀၈၈၇၉ ယောက်ရှိပြီလို့ အတည်ပြုထားပါတယ်။
မင်းထက်မုန်း (ပုသိမ်)