Homeမြန်မာသတင်း
ကာစီနိုက မိန်းကလေး ၈၀ ကျော်ကို ဖမ်းဆီးခြင်းမရှိဘဲ တရုတ်ပြည်ဘက်ပို့ဆောင်ပေးဟုရှင်းလင်း (ရုပ်သံ)
ကာစီနိုက မိန်းကလေး ၈၀ ကျော်ကို ဖမ်းဆီးခြင်းမရှိဘဲ တရုတ်ပြည်ဘက်ပို့ဆောင်ပေးဟုရှင်းလင်း (ရုပ်သံ)
DVB
·
March 7, 2017

လောက်ကိုင်မြို့ပေါ်က ကာစီနိုလောင်းကစားရုံမှာ အလုပ်လုပ်နေတဲ့ မိန်းကလေး ၈၀ ကျော်ကို ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာမဟုတ်ဘဲ တရုတ်နိုင်ငံ နန်းဆန်မြို့ကို ပို့ဆောင်ပေးတာလို့ တအာင်းတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောဆိုရှင်းလင်းပါတယ်။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော် က “ကိုးကန့် ကာစီနိုဝိုင်းက ကောင်မလေးတွေ ခေါ်သွား တယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်က အဲဒီ မိန်းကလေးတွေကို တခုခုလုပ်မှာဆိုးလို့ တရုတ်ပြည်ဘက်ရှိ နန်းဆန်မြို့ကို ပို့ပေးလိုက်ကြတာပါ” လို့ပြောပါတယ်။
လောက်ကိုင်ဒေသမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး တရုတ်ပြည်ဘက်ရှိ တစ်ကီလိုမီတာ အကွာအဝေးမှာ လက်နက်ကြီးတလုံး ကျရောက်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိမှုမရှိသေးကြောင်း တာဘုန်းကျော်က ပြောပါတယ်။
မတ်လ ၆ ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကိုးကန့်ဒေသဦးစီး ဥက္ကဋ္ဌဟောင်း ဦးပယ်စောက်ချိန် ပိုင်ဆိုင်တဲ့ ပယ်စိမ်းလောင်းကစားရုံမှာ ကား ၁၅ စီး မီးလောင်ပျက်စီးခဲ့ပြီး လူ ၁ ဦးသေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ကိုးကန့်ဘဏ္ဍာရေးကိုင်တဲ့ လျှိုအားပေါင် ပိုင်ဆိုင်တဲ့ ဖူလီလိုက်လောင်းကစားရုံကို ဖျက်ဆီးပြီး ငွေတွေယူကာ မိန်းခလေး ၈၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်သက်သေ တဦးက ဒီဗွီဘီကို ပြောဆိုထားတာဖြစ်ပါတယ်။
သတင်း - နိုင်နိုင်