Home
ဆောင်းပါး
ဗြောင်းဆန်နေတဲ့ မြဝတီ
DVB
·
April 14, 2024

နင်လား ငါလား အသေခံပြန်တိုက်တော့မယောင်နဲ့ မြဝတီမြို့စောင့်တပ် ခလရ-၂၇၅ ဟာ KNLA၊ PDF ပူးပေါင်းတပ်ရဲ့ ၂ ရက်ကြာ တိုက်ခိုက်ခြင်းခံရပြီးနောက် တပ်ရင်းစွန့်ခွာ ထွက်ပြေးခြင်း ဘဝနဲ့ မျက်လွှာချခဲ့ရတယ်။

လက်နက်ချဖို့ရာ ငြင်းဆန်ခဲ့တာကြောင့် ဧပြီ ၉ ရက်၊ နေ့ခင်းမှာ KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာဖြစ်တယ်။

မြို့စောင့်တပ်ဟာ စစ်ကူတွေ ရောက်လာတော့မလား ဆိုတဲ့ အိပ်မက်နဲ့ ၂ ရက်ကြာ တင်းခံခဲ့ပြီးနောက် အိပ်မက်ဟာ လက်တွေ့မဟုတ်ကြောင်း  သိလာခဲ့ကာ ဂိလာနတပ်တို့ရဲ့ အစဉ်အလာမပျက် တပ်ရင်းစွန့်ခဲ့ပုံရတယ်။

ဧပြီ ၁၁ ရက်၊ မနက် ၄ နာရီ မိနစ် ၂၀ မှာ ခလရ ၂၇၅ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သား ၅၀ သေ၊ တော်လှန်ရေးတပ်ဖွဲ့ဝ င်၂ ဦး ဒဏ်ရာရ၊ လက်နက်အများအပြားလည်း သိမ်းဆည်းရမိခဲ့ကြောင်း KNU က ထုတ်ပြန်တယ်။

မသေဘဲ ကျန်ခဲ့တဲ့ စစ်သားတွေ ဘယ်ကိုပြေးကြသလဲဆိုတော့  တပ်မမှူး အပါအဝင် တပ်ဖွဲ့ဝင် ၂၀၀ လောက်ဟာ ဧပြီ ၁၁ ရက်မနက်က မြန်မာ-ထိုင်းနယ်စပ် အမှတ် ၂ ချစ်ကြည်ရေး တံတားအနီးသို့ ရောက်ရှိနေပြီး ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက် ထွက်ပြေးခွင့်ရရေး ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတယ်လို့ ဧပြီ ၁၁ ရက် မနက် DVB သတင်းက ဆိုပါတယ်။

ပထမတော့ အမှတ် ၂ တံတားအနီးကို ရောက်လာတဲ့ စစ်သားတွေက ထိုင်းဘက်ကို ပြေးချင်တာ ကြောင့်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ထိုင်းဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးရဲ့ ဧပြီ ၁၂ ရက်နေ့ မဲဆောက်ခရီးစဉ်အတွင်း သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ အမှတ် ၂ တံတားနား ရောက်လာတဲ့ စစ်သားတွေဟာ ဧပြီ ၁၂ ရက်အထိ ထိုင်းဘက်ကို ဝင်ခွင့်ပြုဖို့ တောင်းဆိုတာ မရှိသေးဘူးလို့ ဆိုတယ်။

ဆက်လက်ပြီး ထိုင်းဒုဝန်ကြီးချုပ်က “လက်နက်တွေဖြုတ်သိမ်းပြီး အရပ်သားလို တတ်ဆင်လာ ရင်တော့ သူတို့ ဖြတ်လာတာကို ခွင့်ပြုပေးနိုင်ပါတယ်”လို့လည်း ဆိုပါတယ်။  ထိုင်းဒုဝန်ကြီးချုပ်က  သေနတ်တွေထားခဲ့၊ ယူနီဖောင်းချွတ်ထားခဲ့ပြီးမှ ထိုင်းနိုင်ငံထဲ ဝင်လာခဲ့လို့ ဆိုလိုက်ခြင်းပါပဲ။ 

ဆိုတော့ ခလရ- ၂၇၅ရဲ့ အကြီးအကဲတွေရဲ့ မူလရည်ရွယ်ချက်က တပ်ရင်းထဲ ဆက်နေရင် သေတော့မှာမို့ အခြေအနေ မဟန်တော့လို့ ထိုင်းဘက် ပြေးကြမယ်ဆိုပြီး ထွက်ပြေးလာကြပြီးမှ သေနတ်တွေ မစွန့်ထားခဲ့နိုင်တာကြောင့် ထိုင်းထဲ မဝင်ဘဲ တံတားနားမှာ ပိတ်မိနေခြင်းလား။ ဒါမှမဟုတ်၊ တော်လှန်ရေးပူးပေါင်းတပ်က အသေအကျေတိုက်ရခက်မယ့် နယ်စပ်ခြံ စည်းရိုးနားရွှေ့ကာ စစ်ကူတွေ ရောက်လာတော့မလားဆိုပြီး ဆက်အိပ်မက်မက်နေခြင်းလား။  နောက်ဆုံး၊ စစ်ကူတွေမလာနိုင်တော့တာ သေချာတဲ့အချိန် ဒါမှမဟုတ် တော်လှန်ရေးတပ်တွေက အပြင်းအထန် ဝင်ရောက်စီးနင်းတဲ့အချိန် လုံးဝ သေရတော့မှာ သေချာမှ သေနတ်တွေစွန့်ကာ ထိုင်းဘက်ခြမ်း ဝင်ပြေးကြဖို့ စီစဉ်ထားကြတဲ့ပုံလား။ ပြောရရင် မင်းအောင်လှိုင်ကို အသက်မပေး ရုံတမယ် သစ္စာစောင့်သိကြမယ့်သဘောလားလို့ တွေးနိုင်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုကတော့ မြဝတီမြို့ရဲ့ အခိုင်အမာခံတပ် သင်္ဃန်းညီနောင်တပ်ရင်းတွေ လုံးဝပြိုပြီးခါမှ မြဝတီမြို့ကို လက်မလွှတ်နိုင်ဘူးလို့ လက်ခမောင်းထခတ်၊ စစ်ကူအင်အား အလုံးအရင်းနဲ့ အခုမြဝတီကို ချီတက်လာနေပြီဖြစ်တယ်။

ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဘက်ရဲ့အဆိုအရ အဲဒီစစ်ကူတွေဟာ မြဝတီမြို့အထိ ရောက်လာစရာ အကြောင်းမရှိဘူးလို့ဆိုနေပေမဲ့ ရောက်လာခဲ့ရင် မြဝတီမြို့တွင်း ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်လာနိုင် မယ်ဆိုတဲ့အတွေးနဲ့ နေ့စဉ် မဲဆောက်ဘက် ကူးလာသူတွေ မနည်းပါဘူး။

အဲဒီစစ်ကူတပ် မြဝတီမြို့ထဲ ရောက်လာခဲ့ရင် ပြည်သူကိုပစ်မှတ်ထားတဲ့ မြေပြင်ရောလေကြောင်း တိုက်ခိုက်မှုပါ ရှိလာနိုင်တယ်လို့ မြဝတီမြို့ခံတွေက တွက်ဆကြတယ်။

မြဝတီမြို့ခံတဦးက “ကျနော်တို့မျက်စိရှေ့တင် ကော့ကရိတ်မြို့ကြီး ပျက်သွားခဲ့တယ်။ စစ်တပ်က မစားရတဲ့အမဲ သဲနဲ့ ပက်နေတာ မြန်မာနိုင်ငံအနှံ့ပဲဆိုတော့ မြဝတီဘာဖြစ်မလဲဆိုတာ ဆက်မတွေးရဲဘူး။ အဲဒါကြောင့် ဖြစ်ချင်ရာ ဖြစ် အိမ်တံခါးပိတ်ပြီး မဲဆောက်ရွှေ့လာတယ်”လို့ ဆိုတယ်။

စစ်ကူတွေ မြဝတီမြို့အထိ မရောက်လာနိုင်ရင်လည်း ရှုံးမဲမဲပြီး မြို့ကို တိုက်လေယာဉ်တွေနဲ့ ဗုံးလာ ကြဲနိုင်သလို မြဝတီမြို့ထဲကို စစ်ကူတပ်ရောက်လာခဲ့ရင်လည်း မြို့ ပြန်သိမ်းနိုင်ရေးအတွက် ပြည်သူ့ အိုးအိမ်တွေကို အမှုန့်ချေပစ်နိုင်တယ်လို့လည်း မဲဆောက်ရောက် မြဝတီမြို့ခံတချို့က တွက်ဆကြတယ်။

အဲဒီလို မြဝတီမြို့ အချိန်မရွေး တခုခုဖြစ်သွားနိုင်မလားလို့ မြို့ခံတွေရဲ့ အတွေး ဗြောင်းဆန်နေတဲ့ အချိန်မှာ မြဝတီမြို့နဲ့ ချောင်းပေါက်စသာသာ သောင်ရင်းမြစ်ခြားတဲ့ ထိုင်းနိုင်ငံကရော မြန်မာ့အရေး ဘယ်လိုတွေ ရပ်တည်နေပါသလဲ။

အကြမ်းဖက်စစ်အုပ်စုနဲ့ ဆက်ဆံရေးကောင်းခဲ့တဲ့ ထိုင်းအစိုးရဟာ သင်္ဃန်းညီနောင်ပြိုအပြီး စစ် အုပ်စုအလိုကျ စစ်အုပ်စုနဲ့ ဆက်ဆံရေးကောင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။ အားလုံးသိကြတဲ့အတိုင်း အကြမ်းဖက်စစ်အုပ်စုက ဧပြီ ၇၊ ၈၊ ၉  ၃ ရက်တာ မဲဆောက်လေဆိပ်ကို လေယာဉ်စေလွှတ်ပြီး စစ်သားနဲ့ အရပ်သားဝန်ထမ်းတွေ ခေါ်ခွင့်ပြုဖို့ ထိုင်းအစိုးရထံ မေတ္တာရပ်ခံ၊ ထိုင်းအစိုးရက မီးစိမ်းပြလိုက်ပြီးနောက် ဧပြီ ၇ ရက် ညပိုင်းမှာ စစ်အုပ်စုလေယာဉ်တစင်း မဲဆောက်လေဆိပ်သို့ ဆင်းလာ၊ အမျိုးအမည်မသိ ပစ္စည်းတွေနဲ့  လူပုဂ္ဂိုလ်တချို့ တင်ဆောင်ထွက်ခွာ။ သတင်းတချို့မှာတော့ အဲဒီလေယာဉ်ပေါ် ငွေအမြောက်အမြား တင်ဆောင်သွားတယ်လို့ ဆိုပါတယ်။ အဲဒီနောက် လေယာဉ်တွေ ထပ်လာမယ့်အစီအစဉ်ကို အကြောင်းပြချက်မဲ့ ဖျက်သိမ်း။

ဒါပေမဲ့ စစ်အုပ်စုပြောခွင့်ရက အရေးပေါ်ကယ်ဆယ်ရေးလေယာဉ် ဆင်းသက်ခွင့် ထိုင်းအစိုးရထံ တောင်းခံခဲ့ခြင်းမရှိကြောင်းနဲ့ မဲဆောက်ကို လေယာဉ်စေလွှတ်ခဲ့ခြင်းလည်း မရှိကြောင်း VOA သတင်းဌာနကို ပြောကြားခဲ့တာကြောင့် ဟားစရာတွေ ဖြစ်ကုန်ပါတော့တယ်။ စစ်အုပ်စုပြောခွင့်ရ က အဲဒီလိုငြင်းဆိုခဲ့တာကြောင့် ထိုင်းအစိုးရက ကူလည်း ကူညီရသေး၊ ကျေးဇူးတင်မခံရတဲ့အပြင် နေပြည်တော်ကနေ ဗလောင်းဗလဲ ပါးစပ်နဲ့ လှမ်းအောက်တန်းကျတာလည်း ခံလိုက်ရသေးဆိုတဲ့ သဘောပါပဲ။

ထိုင်းအတိုက်အခံခေါင်းဆောင် လွှတ်တော်အမတ် ပီတကလည်း “မဲဆောက်လေဆိပ်မှာ ဘာတွေ ဖြစ်ခဲ့တာလဲ၊ ပြည်သူတွေက အစိုးရနဲ့ စစ်တပ်ဆီကနေ အဖြေစောင့်နေပါတယ်”လို့ မေးခွန်းထုတ်ခဲ့ပေမဲ့ ဒီနေ့ထိတိုင် ထိုင်းအစိုးရက မဲဆောက်လေဆိပ်ရောက်လာတဲ့ စစ်အုပ်စုလေယာဉ်ပေါ် ဘာတွေပါသွားသလဲဆိုတာ တိတိပပ ဖြေရှင်းချက် မပေးသေးပါဘူး။

ထိုင်းအစိုးရက အဲဒီလို လွှတ်တော်က မေးခွန်းထုတ်တာခံပြီး အကူအညီပေးခဲ့တာကို အသိအမှတ် မပြုရုံတင်မက လေယာဉ်စေလွှတ်ခဲ့ခြင်းမရှိဘူးလို့ စစ်အုပ်စုပြောခွင့်ရက ဗြောင်လိမ် ဗြောင်စား ဗလောင်းဗလဲစကား ပြောကြားလိုက်ခြင်းက ထိုင်းအစိုးရအတွက် ဒေါသထွက်စရာပါပဲ။

ထိုင်းဝန်ကြီးချုပ်က စစ်အုပ်စု အင်အားချည့်နဲ့လာပြီဖြစ်လို့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ အချိန်ကျပြီ ဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို ဧပြီ ၈ ရက်က ပြောကြားခဲ့တာကလည်း  နိုင်ငံရေးကျပ်မပြည့်တဲ့ မင်းအောင်လှိုင်အတွက် တော်တော်ခါးသက်မယ်ထင်ပါတယ်။

မြန်မာစစ်ရှောင် ၁ သိန်းလောက်ကို ယာယီလက်ခံဖို့ ထိုင်းအစိုးရက ပြင်ဆင်နေတယ်လို့ဆိုခြင်းနဲ့ အကြမ်းဖက်စစ်တပ်လေယာဉ်တွေ ထိုင်းလေပိုင်နက်ထဲ ကျူးကျော်ပျံသန်းတာမျိုးကို ခွင့်ပြုမှာမဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်ရဲ့ ပြောကြားချက်က ကိုယ့်မြို့ကိုယ့်ရွာကို ပြန်ဖျက်ရဲတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ပက်စက်မှုအပေါ် ယုံကြည်ကြောင်းနဲ့ မြဝတီနယ်စပ်အရေး တင်းတင်းရင်းရင်း ကိုင်တွယ်သွားမှာဖြစ်ကြောင်း ဖော်ပြနေပါတယ်။

အခုဆိုရင် မြဝတီတဖက်ကမ်းက မဲဆောက်မှာ ထိုင်းစစ်သားတွေ လက်နက်အပြည့်အစုံနဲ့ အသင့်အနေအထား ရှိနေကြပါတယ်။ အကြမ်းဖက်စစ်တပ်လေယာဉ်တွေ ထိုင်းလေပိုင်နက်ထဲ ကျော်လာခဲ့ရင် ၅ မိနစ်အတွင်း ပစ်ချဖို့ ထိုင်းကာကွယ်ရေးဝန်ကြီးက အမိန့်ပေးထားတယ်လို့ သိရပါတယ်။ မြန်မာပြဿနာဟာ ထိုင်းနိုင်ငံအပေါ် သက်ရောက်မှု ကြီးသထက်ကြီးလာပြီဖြစ်သလို အကြမ်းဖက်စစ်တပ်နဲ့ သတိကြီးကြီးထား ဆက်ဆံဖို့လိုကြောင်းလည်း မြဝတီဖြစ်စဉ်က ထိုင်းအစိုးရကို သင်ကြားပေးခဲ့ပြီ ဖြစ်ပါတယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024